မြန်မာနိုင်ငံရဲ့အရှက်ကိုကာကွယ်ခဲ့သူအညတရသူရဲကောင်းဟာ ယခုအချိန် လမ်းဘေးမှာ တောင်းရမ်းနေရတဲ့အဖြစ်

496

အာဇာနည်နေ့ကိုဂုဏ်ပြုသောအားဖြင့်အာဇာနည်ဗိမာန်ကို ဗုံးဖောက်ခွဲခဲ့တဲ့ တရားခံအားအရှင်ရအောင် အသက်စွန့်ပြီး ဖမ်းဆီးပေးခဲ့သူ အမေ့လျော့ခံ အညတရသူရဲကောင်းတစ်ဦးရဲ့ နေဝင်ချိန် (သို့မဟုတ်) ဓားစန်းရီ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်ခပ်စိပ်စိပ်ရပ်ကွက်ထဲက အိမ်ကလေးမှာ နေထိုင်တဲ့ အသက် ၈၀ ကျော် အဘွားအိုတစ်ဦးကို ဂရုပြုမိသူတွေ အတော်နည်းပါးလှပါတယ်

အဲဒီ အဘွားအိုကတော့ သမိုင်းစာမျက်နှာတွေထဲမှာ အမေ့လျော့ခံထားရတဲ့ အညတရ သူရဲကောင်းတစ်ဦးဖြစ်တဲ့ ဓားစန်းရီလို့ လူသိများတဲ့ ဒေါ်စန်းရီ ဖြစ်ပါတယ်။

ဓားတစ်လက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ပြီး၊ ဒုစရိုက်လောကမှာရော၊ ရဲဝန်ထမ်းလောကမှာပါ ဖိန်ဖိန့်တုန်အောင် နာမည်ကြီးခဲ့တဲ့ ဓားစန်းရီဟာ အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှုက မြောက်ကိုရီးယားနိုင်ငံသား တရားခံ ဇင်မိုကို အရှင်ရအောင် အသက်စွန့်ပြီး ဖမ်းဆီးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်၊မိန်းခလေးတစ်ယောက်ရဲ့အစွမ်းကိုလဲဂုဏ်ပြုပါတယ်။

တစ်ချိန်က သူရဲကောင်းတစ်ယောက်ဟာ အခုချိန်မှာတော့ ဝမ်းရေးအတွက် တောင်းရမ်းစားသောက်နေရပြီဘဲဖြစ်ပါတယ်။ ဒီအဖြစ်ဟာ အင်မတန်ရင်နာစရာကောင်းသလို စိတ်မကောင်းလဲဖြစ်မိပါတယ်။

အခုလက်ရှိအချိန်မှာ အဘွားဟာ အလှူခံ စားသောက်နေထိုင် နေတယ်လို့ သိရှိရပါတယ်။နှလုံး‌ရောဂါဝေဒနာ ခံစား‌‌နေရပြီး မြေးမလေးနဲ့ 2ယောက် အတူ‌‌နေထိုင်‌‌နေပါတယ်။

အခုအိမ်လခမပေးနိုင်တော့လို့ အခုလို လမ်းဘေးမှာတောင်းနေရတာပါတဲ့ ခင်ဗျာ သနားပါတယ် လျှူချင်သူတွေအားလုံး ဘွားဘွားက ရွှေပြည်သာ ၈ ရပ်ကွက် / ဗညားဒလ လမ်း / ရုပ်ရှင်ရုံနောက်ကျောလမ်း ထဲမှာနေပါတယ် တဲ့ခင်ဗျာ တတ်နိုင်သူတွေ အကူအညီပေးနိုင်သူတွေ သိရှိအောင် ရှယ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

ဓားစန်းရီ (သို့) မြန်မာနိုင်ငံရဲ့အရှက်ကိုကာကွယ်ခဲ့သူအကြောင်း အာဇာနည်ဗိမာန် ဗုံးထောင်ဖောက်ခွဲကာ တောင်ကိုးရီးယား သမ္မတ ချန်တူးဝှမ်ကို လုပ်ကြံခဲ့သောမြောက်ကိုရီးယား ဗိုလ်မှူး ဇင်မိုကို ဖမ်းပေးနိုင်ခဲ့သူ စစ်အစိုးရ မအုပ်ချုပ်ခင် ၁၉၈၃ ခုနှစ်က ပုဇွန်တောင်ပန်းခြံနေရာမှာ အရက်ဆိုင်တန်းဖြစ်သည်။ မစန်းရီမှ ပုဇွန်တောင် ဓားစန်းရီအဖြစ် ထိုအရက်ဆိုင်တန်းမှ စခဲ့သည်။

“အဘွားက အရက်ရောင်းတယ်။ သမီးအကြီးက ဆိုင်ဘေးမှာ ကွမ်းယာ ရောင်းတယ်။ အဲဒီနေ့က Navy (ရေတပ်)က ငါးယောက်ဆိုင်မှာ လာသောက်တယ်။ မူးလာတော့ သမီးကြီးကို မဖွယ်မရာ လုပ်ပြလို့ ငှက်ကြီးတောင်ဓားနဲ့ အဘွားက လိုက်ခုတ်တာ။ သုံးယောက် အခုတ်ခံလိုက်ရတယ်။

အဲဒီအချိန်ကစပြီး တပ်ထိန်းနဲ့ ရဲက အဘွားကို ဓားစန်းရီလို့ နာမည်ပေးလိုက်ကြတာ”ဟု ဒေါ်စန်းရီက အတိတ်ကို ပြန်ပြောင်းပြောပြသည်။

အသားညိုညို၊ နှာတံပေါ်ပေါ်နှင့် မိန်းမချော မစန်းရီတစ်ယောက် ယင်းအချိန်က ၎င်းနေထိုင်ပြောဆိုပုံက ယောက်ျားဆန်ဆန်။ ပေါင်တွင် သရေကြိုးဖြင့်ပတ်၍ ခေါက်ဓား အမြဲဆောင်ထားသူ၊ ဘူတာကြီးတစ်ဝိုက်ရှိ ပြည့်တန်ဆာခေါင်းများနှင့် ဖဲဝိုင်းများထံမှ ဆက်ကြေးကောက်ယူသူ ဖြစ်ခဲ့သည်။

“ဓားစန်းရီကို အရက် ရောင်းနေတဲ့ မိန်းမဆိုပြီး ရိသဲ့သဲ့ သွားလုပ်တဲ့ကောင်တွေ ဓားနဲ့ဆွဲခွဲခံရတာ မနည်းဘူး။ မိန်းမပေမယ့် အတော်ကြမ်းတယ်။ စွာလည်း စွာတယ်။ ဘယ်လိုကောင်နဲ့ဖြစ်ဖြစ် နပန်းလုံးဖို့ ဝန်မလေးဘူး”ဟု လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က ပုဇွန်တောင်မြို့နယ်တွင် ရဲတပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက ဆိုသည်။

အချုပ်ခန်းကို ခြင်ထောင်လို သတ်မှတ်သည့် ဓားစန်းရီအပေါ် ရဲတပ်ဖွဲ့က ဂုဏ်ပြုမှတ်တမ်းဆု ချီးမြှင့်ပေးရမည့် တစ်နေ့ ရောက်လာခဲ့သည်။ ယင်းနေ့က ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်။

“သူခိုး သူခိုး”ဟု အော်ဟစ်သံများနှင့်အတူ ပုဇွန်တောင်ဈေး အနောက်ဘက်ရှိ ချောင်းရိုးတစ်လျှောက် လူများ ပြေးလွှားနေသည်။ အချိန်က ည ၉ နာရီခွဲ။ ညောင်တန်းဆိပ်ကမ်းအနီး နေထိုင်သူ ဓားစန်းရီတစ်ယောက် ညဝတ်အင်္ကျီဖြင့် ချောင်းစပ်သို့ ပြေးထွက်လာခဲ့သည်။

ဆိပ်ကမ်း ဘောတံတားအောက်တွင် အတွင်းခံတစ်ထည်သာ ဝတ်ဆင်ထားသည့် လူစိမ်းတစ်ယောက် ရေထဲ ငုပ်ချည်ပေါ်ချည် ဖြစ်နေသည်ကို မြင်လိုက်သည်။ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက အာဇာနည်ဗိမာန်တွင် မြောက်ကိုရီးယား နိုင်ငံသားသုံးဦး ဗုံးဖောက်ခွဲသည့်သတင်းကို ဓားစန်းရီ ပြန်တွေးမိလိုက်သည်။

“နိုင်ငံခြားသားကြီးက ချောင်းထဲ ငုပ်လိုက်ပေါ်လာလိုက်လုပ်နေတာ။ ဟာ ဒါ သူခိုးမှ မဟုတ်ဘဲ။ မနက်က အာဇာနည်ကုန်း ဗုံးပေါက်ကွဲတယ် ပြောတယ်။ အခု ဒီလူကြီးက သူတို့ကို လိုက်ဖမ်းနေလို့ ပြေးလာတဲ့သူ ဖြစ်မယ်”ဟု ဒေါ်စန်းရီက ထိုအချိန်က သူ့အတွေးစများကို ပြန်ပြောင်း ပြောပြသည်။


ပုဇွန်တောင်ချောင်းဘေးတွင် လူအုပ်ကအပြည့်။ ထိုလူအုပ်ကြားထဲမှ ဒေါ်စန်းရီတစ်ယောက် ပြေးထွက်ကာ ချောင်းထဲရှိ နိုင်ငံခြားသားကို ဆင်းဆယ်သည်။ ခန္ဓာကိုယ် ထွားကြိုင်းလှသည့် နိုင်ငံခြားသားကို ကုန်းပေါ် ဆွဲတင်ရန် ကမ်းစပ်ရှိနေသူများကို လှမ်းအကူအညီ တောင်းလိုက်သည်။

“ချောင်းစပ် အုတ်ခုံပေါ်ရောက်တော့ သူ့ညာလက်ကို ဖက်ထားတဲ့ မစန်းရီကို Get Out လို့ပြောပြီး တွန်းထုတ်တယ်။ လာကူဆွဲတင်တဲ့ ကျွန်တော်နဲ့ဘကြီးမှုံကို ကိုရီးယားကြီးက ဆောင့်ကန်လွှတ်တာ။ လူကောင်ကြီးက အကြီးကြီး၊ သူ့အားနဲ့ အကန်ခံရလို့ ကျွန်တော်တို့တွေ လွင့်ထွက်သွားတယ်။ ပြီးတော့ သူက အတွင်းခံထဲက လက်ပစ်ဗုံးထုတ်ပြီး စနက်တံကို ဆွဲထုတ်တာ၊ ရင်ဘတ်ထဲထည့်ပြီး အသေခံ ဗုံးခွဲဖို့ လုပ်တာ။ ဗုံးက သူ့လက်ထဲမှာတင် ပေါက်ထွက်သွားတယ်”ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော ဦးအုန်းရွှေက ပြန်ပြောပြသည်။

ပေါက်ကွဲမှုကြောင့် လက်နှစ်ဖက်ရှိ လက်ချောင်းများ ပြတ်ထွက်ခဲ့သူ ကိုရီးယားနိုင်ငံသား ဇင်မိုက ပုဇွန်တောင်ချောင်းထဲ ခုန်ချလိုက်သည်။ ၎င်းအနောက်သို့ ကမ်းစပ်မှ ဒိုင်ဗင်ထိုး လိုက်သွားသူက ဓားစန်းရီ။

“ရေထဲမှာ သူ့ဆံပင်ကို လက်တစ်ဖက်က ဆွဲကိုင်ပြီး ကျန်လက်တစ်ဖက်က လည်ပင်းကို ဖက်ထားလိုက်တယ်၊ အမျိုးသား နှစ်ယောက်ပါ ချောင်းထဲ ဆင်းလာပြီး နိုင်ငံခြားသားကြီးကို ကြိုးတွေနဲ့ ဝိုင်းချည်ပြီး အရှင်ရအောင် ဖမ်းနိုင်ခဲ့တယ်”ဟု ဓားစန်းရီက ပြန်ပြောပြသည်။

crd to original writer