ဗေဒင်ဆရာ အောင်ချစ်ပိုက သာကေတတွင် ဟောခန်း အသစ်ဖွင့်

903

ဗေဒင်ဆရာ အောင်ချစ်ပိုက သာကေတတွင် ဟောခန်းဖွင့်ပြီး ခုနှစ်ရက်သားသမီးများကို ဆက်လက်ကယ်တင်မည်ဟုဆိုပါတယ်။

သာကေတ တစ်ရာ့ရှစ်တောင်ဘုရားအနီး ဗေဒင်ဆရာ အောင်ချစ်ပို ဟောခန်းသစ်ဖွင့်လှစ်၊ ဗေဒင်ပညာဖြင့် ဆက်လက်ရပ်တည်ပြီး ခုနှစ်ရက်သားသမီးများကို ကယ်တင်မည်ဟုဆို

ဗေဒင်ဆရာ အောင်ချစ်ပိုက ဗေဒင်ဟောခန်းသစ်ဖွင့်ပွဲကို ယနေ့(သြဂုတ် ၁၀)၊ နံနက် ၉ နာရီတွင် သာကေတမြို့နယ်၊ တစ်ရာ့ရှစ်တောင်ဘုရားအနီး၊ သန်လျှင်ချဉ်းကပ်လမ်းပေါ်ရှိ ဈေးဆိုင်တန်း၌ ပြုလုပ်ခဲ့သည်။

ဗေဒင်ဆရာအောင်ချစ်ပိုသည် ကိုးထပ်ကြီးဘုရားတွင် ဟောခန်းဖွင့်လှစ်၍ ဗေဒင်ဟောစဉ်က ဗေဒင်လာမေးသည့် အမျိုးသမီးအချို့ကို ကာယိနြေ္ဒပျက်ပြားအောင် ပြုမူကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် အမှုရင်ဆိုင်နေရကြောင်း သိရသည်။

“အဘ မင်းသိင်္ခတပည့်တွေချည်းပဲ။ ဗေဒင်ညီအစ်ကိုတွေ သိုင်းဝိုင်းပြီး ပြန်ဖွင့်တာ။ ၁၅ သိန်း၊ သိန်း ၂၀ နီးပါးလောက်တော့ ကုန်တယ်။ ဒါဆိုင်ရှင်တစ်ယောက်ဆီက ငှားတာ။ ဂေါပကကိုတော့ သူ့ဟာသူ လစဉ်ကြေးဆောင်ရတာရှိတယ်။ ဘုရားနဲ့ မဆိုင်တာရယ်လို့တော့ မဟုတ်ဘူး။

ဖွင့်ဖို့ဆိုတာ ဘယ်မှာဖြစ်ဖြစ် အမှုဖြစ်နေတာက ဖြစ်နေတာပဲလေ။ ဝရမ်းပြေးလည်း မဟုတ်ဘူး။ ဘာမှလည်း မဟုတ်ဘူး။ နောက် လူသတ်မှုလည်း မဟုတ်ဘူး။ မုဒိမ်းမှုဖြစ်နေတာလည်း မဟုတ်ဘူး။ အဲဒီတော့ ပိတ်ခွင့်လည်း မရှိဘူး။

ဖြစ်ခဲ့တဲ့နေရာကတော့ ကိုးထပ်ကြီးဖြစ်ခဲ့တဲ့အတွက် ကိုးထပ်ကြီးဂေါပကတွေက ဒီအမှုကိစ္စပြီးမှ ပြန်ဖွင့်ပါလို့ပြောတာ။ အဲဒါကြောင့်ပါ။ ဒါပဲ”ဟု ဗေဒင်ဆရာ အောင်ချစ်ပိုက ဆိုသည်။

ဗေဒင်ပညာဖြင့် ဆက်လက်ရပ်တည်မည်ဖြစ်ပြီး ၇ ရက်သားသမီးများကို ကယ်တင်မည်ဟုလည်း ၎င်းကဆိုသည်။

“အဘမင်းသိင်္ခရဲ့ ပညာရပ်တွေက ကိုယ်တို့ရဲ့ အသက်သွေးကြောပဲ။ ဒါ အဘမင်းသိင်္ခရဲ့ တပည့်တွေတိုင်းမှာရှိတဲ့ ခံယူချက်ပဲ။ အဲဒီတော့ ဒီအဘပညာရပ်နဲ့ပဲ ရပ်တည်ဖို့ အဘဆီမှာပဲ သစ္စာဆိုခဲ့တာ။ ဒီအပြင်လုပ်ငန်းလည်း ဘာမှမလုပ်ဘူး။ ဗေဒင်ပညာတခုပဲ။ အဘက စာပေနဲ့နွယ်ရင် စာပေးလည်းလုပ်မယ်။ ဒါလောက်ပဲ။ ရှေ့လျှောက်လည်း ဒီဗေဒင်နဲ့ပဲရပ်တည်မယ်။ ခုနှစ်ရက်သားသမီးတွေကို ကယ်မယ်။ ဒါပဲ”ဟု ၄င်းက ပြောသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုကို K Khine Myint Myat အကောင့်ပိုင်ရှင်က ရာဇသတ်ကြီး ပုဒ်မ ၃၅၄ (အမျိုးသမီးများ၏ ကာယိနြေ္ဒပျက် ပြားစေရန်အကြံဖြင့် လက်ရောက်ကျူးလွန်ခြင်း)ဖြင့် စမ်းချေင်းမြို့မရဲစခန်းတွင် ဇန်နဝါရီလ ၂၉ ရက်က အမှုဖွင့်ထားခဲ့သည်။

လူရွှင်တော် ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်(ခ)မမြတ်နိုးဦးကလည်း ရာဇသတ်ကြီး ပုဒ်မ ၃၅၄၊ ပုဒ်မ ၅၀၉ ( အမျိုးသမီးများ၏ ကာယိနြေ္ဒပျက် ပြားစေရန်အကြံဖြင့် နှုတ်ဖြင့်ကျူးလွန်ခြင်း)တို့ဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ ၇ ရက်က အမှုဖွင့်ထားခဲ့သည်။

Credit: News Watch