ရိပ်ခနဲ ရိပ်ခနဲ မူးသွားတာ ဘာကြောင့်လဲ … ?

5410

ထိုင်နေရာကနေ ရုတ်ခနဲ ထလိုက်ရင် ရိပ်ခနဲ မိုက်ခနဲ ခေါင်းမူးပြီး လူက ယိုင်သွားတာမျိုး လူအတော်များများ ကြုံဖူးကြ လိမ့်မည်။ ထိုသို့ ဖြစ်ခြင်း သည် သိပ်မစိုးရိမ် လောက်သော ကျန်းမာရေး ပြဿနာ ဖြစ်သော်လည်း သူ့နောက် ဆက်တွဲများကား စိုးရိမ်စရာရှိ သဖြင့် ထိုသို့ ဖြစ်ပါများလာ လျှင်တော့ မပေါ့ဘဲ ဂရုစိုက်ကြဖို့ လိုမည်။

အဲဒီလိုဖြစ်တာဟာ ခန္ဓာကိုယ် စနစ်မှာ တစ်ခုခု မှားနေပြီ ဆိုတာ ပြလိုက်တာပဲ ဟု အမေရိကန် နယူးဂျာစီ ပြည်နယ် ချက်စတာမြို့ရှိ ဆဖိုင်းယား အမျိုးသမီး ကျန်းမာရေး စင်တာမှ ဒေါက်တာ ဒေါ်နီကာမိုးက ပြောသည်။ အထူးသဖြင့် အသက်ကြီးသူ များမှာ ဖြစ်တတ်သည်။ ဆေးဝါးများ သောက်သုံး ရာမှ ဘေးထွက် ဆိုးကျိုး ဖြစ်တတ် သလို၊ အသက်ကြီး လာလို့ ခန္ဓာကိုယ်မှာ အပြောင်းအလဲ ဖြစ်လာ ခြင်းကြောင့်လည်း မိုက်ခနဲ မူးခနဲ ဖြစ်သွား တာမျိုး ကြံုရတတ်သည်။

မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်း သက်သက်ကား သိပ်စိုးရိမ်စရာ မရှိသော်လည်း အမြင့် တစ်နေရာရာတွင် ရပ်နေချိိန် မိုက်ခနဲ ဖြစ်သွားပါက ပြုတ်ကျခြင်းကြောင့် ထိခိုက် ဒဏ်ရာရခြင်း မှသည် အသက် အန္တရာယ် ထိပါ စိုးရိမ်ရသည့် နောက်ဆက်တွဲများ ကိုကား သတိထားရမည်ဟု ဒေါက်တာ မိုးက ပြောသည်။

မူးခနဲ မိုက်ခနဲ ဖြစ်သွားလျှင် ဦးဆုံး လုပ်ရန်ကား ထိုင်ချလိုက်ဖို့ ဖြစ်သည်။ သို့မှသာ လဲကျ သွားခြင်းကို ကာကွယ်နိုင်မည်။ မလုပ်သင့်ဆုံး ကား မူးခနဲ မိုက်ခနဲ ဖြစ်သွားပြီး မကြာခင်မှာပင် ကားမောင်းခြင်းမျိုး ဖြစ်သည်။ ကိုယ်က စိုးရိမ်လို့ ကိုယ်တိုင် ကားမောင်းပြီး ဆေးရုံသွားဖို့ ကြိုးစားမည်ဆို လျှင်ပင် ဆေးရုံမရောက်ဘဲ လမ်းမှာ ယာဉ်မတော်တဆ ဖြစ်ခြင်းမျိုး ကြံုရ နိုင်သည်။ ဘာကြောင့် မူးခနဲ မိုက်ခနဲ ဖြစ်သွားရသနည်း။ အကြောင်းရင်း ခုနစ်ချက်ကို ဖော်ပြ ပါမည်။

၁။ ခန္ဓာကိုယ် ရေဓာတ် ခန်းခြောက်နေခြင်း။
နေပူအောက်မှာ လျှောက်ပါများခြင်း၊ ခရီးဝေး ကားထိုင်စီးနေ ရခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ အပြင်းအထန် လုပ်ခြင်း၊ အလုပ်တွေ ရှုပ်လွန်းသဖြင့် စားဖို့၊ သောက်ဖို့ပင် အချိန်မပေးနိုင်ခြင်း တို့ကြောင့် လူသည် ရေဓာတ်ခန်းခြောက် သွားတတ်သည်။ ထိုသို့ ဖြစ်နေစဉ်တွင် ရုတ်တရက် ထလိုက်ပါက မူးခနဲ မိုက်ခနဲ ဖြစ်သွား ရတော့သည်။

ကုသနည်း – ခေါင်းတွေ ချာချာလည်၊ အခန်းကြီးက ချာချာလည် ဖြစ်နေပါက ရေနည်း နည်းချင်း သောက်ပါ။ လိမ္မော်ရည်လို၊ သံပုရာရည် လိုမျိုး သောက်နိုင်ရင် ပိုကောင်းသည်။ ဖျော်ရည်များ သောက်ခြင်းဖြင့် သကြားဓာတ်ကိုပါ ရရှိ သဖြင့် ခွန်အားကိုပါ ဖြစ်စေသည်။ ထိုသို့ သောက်ပြီးသည်နှင့် ကိုယ်အခြေအနေ ကောင်းလာလား စောင့်ကြည့်။ သွေးတွင်း သကြားဓာတ် ပါ၀င်မှု နည်းနေ လျှင်လည်း လူသည် အားနည်းကာ မူးခနဲ မိုက်ခနဲ ဖြစ်တတ် သည်။ ဖျော်ရည်ထဲတွင် ပါသော သကြားဓာတ်သည် သွေးတွင်း သကြားပမာဏကို မြှင့်တင်ပေးနိုင် သဖြင့် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမှ ပြန်ကောင်း လာအောင် ကူပေး နိုင်သည်။ ထိုသို့ သောက်ပြီး (၁၀) မိနစ်၊ (၁၅) မိနစ် လောက်နေလို့မှ မသက်သာလျှင် ဆရာဝန်ကို ခေါ်ကာ ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်သည်။

၂။ အသက်ကြီးလို့ မူးဝေခြင်း။
အသက်ကြီး လာသည့် အခါ နားထဲတွင် ရှိသော အရည်ကြည်များ လှုပ်ရမ်းမှုကြောင့်လည်း မူးခနဲ မိုက်ခနဲ ဖြစ်တတ်သည်။ အသက် (၅၀) ကျော် လာလျှင် အိပ်နေရာမှ ရုတ်တရက် ထလိုက်လျှင် မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းတွင် အဓိက လက်သည်မှာ ထိုသို့ နားထဲမှ အရည်ကြည် များကြောင့် ဖြစ်ကြောင်း ဒေါက်တာမိုးက ပြောသည်။ လှဲအိပ်နေချိန်တွင် ဦးခေါင်းကို ထားသည့် ပုံစံပေါ်တွင်လည်း မူတည်ပြီး ဖြစ်တတ်သည်။ အချို့သော ပုံစံမျိုးဖြင့် ခေါင်းချ လှဲအိပ်ပြီး ထလိုက်လျှင် မူးခနဲ မိုက်ခနဲ မဖြစ်သော်လည်း အချို့သော ပုံစံမျိုးဖြင့် အိပ်ပြီး ထလျှင်ကား ဖြစ်တတ်သည်။ လူတစ်ဦးနှင့် တစ်ဦး ကွာခြားတတ်သည်။ သို့ဖြစ်ရာ မိမိကို မမူးစေသော ပုံစံဖြင့် ရွေးချယ် အိပ်စက် ဖြစ်အောင်လည်း သတိထား ရမည်။ မည်သို့ပဲ လုပ်လုပ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းက မပျောက်ဘူး ဆိုလျှင် ဆရာဝန်နှင့် ပြသဆွေးနွေးသင့်သည်။

ကုသနည်း – ထလိုက်လျှင် မူးခနဲ မဖြစ်စေမည့် ဦးခေါင်း ထားသည့် ပုံစံမျိုး လုပ်ကြည့်သည့်တိုင် ဆက်ပြီး မူးဆဲ ဆိုပါက အမူးပျောက်အောင် ရည်ရွယ် ဖန်တီးထားသည့် တရားထိုင်နည်း ပုံစံများကို ဆရာဝန်နှင့် တိုင်ပင်ပြီး စမ်းသပ်ကြည့် သင့်သည်။

၃။ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် အသေးစား လေဖြတ်ခြင်း၏ ရှေ့ပြေး လက္ခဏာ။
ထိုင်ရာက ထလိုက်ချိန်၊ လှဲနေရာက ထလိုက်ချိန်များတွင် မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းသည် စိုးရိမ်လောက်သော ကျန်းမာရေး ပြဿနာ မဟုတ်သော်လည်း ထိုသို့ မူးခနဲ မိုက်ခနဲ ဖြစ်ချိန်မျိုးတွင် ခန္ဓာကိုယ် တစ်ခြမ်းတည်း နာကျင်ခြင်းမျိုး၊ တစ်ခြမ်းဆွဲ သွားခြင်းမျိုး၊ ခြေလက် လှုပ်ရှားမှုကို မထိန်းနိုင်တော့ ခြင်းမျိုး၊ ခေါင်းတအား ကိုက်တတ်လာခြင်းမျိုး၊ စကားသံ မပီတော့ခြင်းမျိုးပါ တွဲပြီး ဖြစ်လာ လျှင်ကား ထိုလက္ခဏာသည် လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ ဖြစ်သည်။ ကျွမ်းကျင်သူ ဆရာဝန်နှင့် တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု အမြန်ဆုံး ခံယူ သင့်သည်။

ကုသနည်း – လေဖြတ် နိုင်ခြေ ရှိကြောင်း စစ်ဆေး တွေ့ရှိရပါက ကြိုတင် ကာကွယ်သော အားဖြင့် သွေးခဲပြီး သွေးကြော ပိတ်ခြင်းကို ကာကွယ်နိုင်မည့် ဆေးမျိုး၊ သွေးပေါင်ချိန် ကျစေသမည့် ဆေးမျိုးကို ဆရာဝန် ညွှန်ကြားချက်ဖြင့် သောက်သုံးရမည်။ လေဖြတ်နိုင်ခြေ အမျိုးအစားပေါ် မူတည်ပြီး နောက်ထပ် ပြည့်စုံသော ကျန်းမာရေး စစ်ဆေး ကုသမှုများ ကြိုတင် ခံယူရမည်။

၄။ ဆေးတွေ သောက်ခြင်း ဘေးထွက် ဆိုးကျိုးအဖြစ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်း။
ဆေးကတ်တွေ၊ ဆေးဘူးတွေမှာ ဖော်ပြထားသော ဘေးထွက် ဆိုးကျိုး သတိပေးချက်များ ထဲတွင် ထိုဆေးသောက်လျှင် ဘေးထွက် ဆိုးကျိုး အဖြစ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုး ကြံုရနိုင်သည်ဟု ဖော်ပြ ထားခြင်းမျိုးကို တွေ့နိုင်သည်။ သို့ဖြစ်ရာ မိမိ ကလည်း တစ် လောကမှ ရောဂါ တစ်ခုခုကြောင့် ဆေးဝါး တစ်မျိုးမျိုးကို မှီဝဲနေရသည် ဆိုပါက မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် ထိုဆေးဝါးများနှင့် ပတ်သက် နေနိုင်သည်။ သက်ဆိုင်ရာ ဆရာဝန်နှင့် ပြသပြီး ဆေးပြောင်း သောက်သင့်လား၊ ဆေးသောက်တာ လုံးဝ ရပ်ပစ်သင့်လား စဉ်းစားဆုံးဖြတ်ရမည်။

သွေးတိုး၊ သွေးကျဆိုင်ရာ ဆေးဝါးများသည် မူးခနဲ မိုက်ခနဲ ဖြစ်စေသည့် အဓိက လက်သည် ဆေးဝါးများ ဖြစ်သည်။ ဆေးသောက် လိုက်ပြီး နောက်ပိုင်း သွေးအလွန်အမင်း တိုးသွားခြင်းမျိုး၊ ကျသွားခြင်းမျိုး မဖြစ်အောင် ဂရုပြုရမည်။

ကုသနည်း – ကိုယ်သောက်သုံးသည့် ဆေးဝါး သမိုင်းကြောင်း အပြည့်အစုံကိုပါ ဆရာဝန်ကို ပြောပြကာ မိမိ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းနဲ့ ထိုဆေးဝါးများနဲ့ သက်ဆိုင်မှု ရှိမရှိ မေးမြန်း လမ်းညွှန်ချက် ခံယူပါ။ ဆေးကို နည်းနည်းလောက် ပြောင်းလိုက်ခြင်းမျိုး၊ မလိုတာများ လျှော့သောက်လိုက်ခြင်း မျိုးသည် မိမိကို မူးခနဲမိုက်ခနဲရန်မှ သက်သာရာ ရစေနိုင်သည်။

၅။ သွေးတွင်း သံဓာတ်လျော့နည်းနေခြင်း။
သွေးထဲမှာ သံဓာတ်လျော့နည်းနေပါ က လူသည် အားကုန်နေ တတ်သည်။ အလို လိုနေရင်း စိတ်လည်း ပင်ပန်းနေ တတ်သည်။ ပြီးလျှင် မူးခနဲ မိုက်ခနဲလည်းပိုပြီး ဖြစ်တတ်သည်။

ကုသနည်း – ထိုအခြေအနေမျိုးတွင် သွေးဖောက်စစ်ကာ သွေးတွင်း သံဓာတ် နည်းလာ များလား စစ်ဆေးရမည်။ ရလဒ်ကို သိလာသည့်အခါ ဆရာဝန် အနေဖြင့် သွေးတွင်း သံဓာတ်အားကောင်း လာအောင်ဆေးဝါးများ ညွှန်ကြားပေးနိုင်သည်။ သွေးတွင်း သံဓာတ် အားကောင်းလာသည့် အခါ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းလည်း အလိုလို သက်သာ လာမည်။

၆။ သွေးတွင်း သကြားဓာတ် နည်းပါး နေခြင်း။
သွေးတွင်း သကြားဓာတ်နည်း နေသည့် အခါ လူသည် ချွေးထွက်လွန်၊ ဂဏာမငြိမ် ဖြစ်လာ တတ်သည်။ စိတ်လည်း ဂယောက် ဂယက် ဖြစ်လာ တတ်သည်။ သွေးပေါင်လည်း ကျသွားကာ နောက်ဆုံးတွင် လုံးဝ မူးလဲသွားသည့် အဆင့်ထိ ရောက်သွားရသည်။ အလုပ် အလွန်အကျွံ လုပ်ခြင်း၊ အလွန် အမင်းစိတ်အား လူအားစိုက်ခြင်း၊ တစ်နေ့လုံး နီးပါးရေနှင့် အစားအသောက် မဆိုသလောက် သာ စားသောက်ပြီး အလုပ်ချည်း ဖိလုပ် နေခြင်းများကြောင့် သွေးတွင်း သကြားဓာတ် အလွန်အမင်း ကျဆင်းသွားရတတ်သည်။

ကုသနည်း – အချိုဓာတ်ပါတာတွေ စားပေးပါ။ အချိုရည် တစ်မျိုးမျိုး သောက်ပါ။ အရေးပေါ် အခြေအနေမျိုးတွင် သကြားကို ဖျော်သောက်ခြင်းသည် လည်း အသုံးဝင်သည်။ လိုအပ်ပါက သကြားလုံးကိုပင် ငုံထားသင့်သည်။ သို့မှသာ သွေးတွင်း သကြားဓာတ် မြန်မြန်ပြန်ပြည့်ကာ လူသည် ပြန်ကြည်လင် လာမည် ဖြစ်သည်။

၇။ သွေးပေါင်ကျ ခြင်းကြောင့်လည်း မူးခနဲ မိုက်ခနဲ ဖြစ်တတ်သည်။
အပေါ်သွေး (၁၀၀) အောက်၊ အောက်သွေး (၆၀) အောက်ကျ သွားလျှင်ကား သွေးပေါင်ကျနေ ပြီဟု သတ်မှတ်နိုင်သည်။ ထိုအခါ လူသည် အားအင် နည်းပါးကာ ရုတ်တရက် ထလိုက်လျှင် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုးနဲ့ ကြံုရနိုင်သည်။

ကုသနည်း – အခြေအနေပေါ် မူတည်ပြီး ကုသနည်း ကွဲပြား နိုင်သည်။ ဆရာဝန်က ဆားဓာတ် များများ စားပေးဖို့ ညွှန်ကြားချင် ညွှန်ကြားနိုင် သလို၊ သွေးပေါင်ချိန် ပြန်တက် လာစေရန်အတွက် ရေများများ သောက်ဖို့လည်း ညွှန်ကြားလေ့ရှိသည်။

မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် ကျန်းမာရေး အတွက် အဓိက စိုးရိမ်စရာကြီး မဟုတ်သော်လည်း နောက်ဆက်တွဲ အနေဖြင့်-လုံးဝ မူးလဲကာ၊ ဘာကိုမှ မမှတ်မိတော့လောက်အောင် ဖြစ်ခြင်း၊ ရင်ဘတ်ပါ အောင့်လာခြင်း၊ ခေါင်းတွေ တအား ထိုးကိုက်လာခြင်း၊ အမြင်တွေ မှုန်ဝါး၊ စကားပါမပီ ဖြစ်လာခြင်း ၊နားကပါ ဘာမှ မကြားနိုင်အောင် ဖြစ်လာခြင်းမျိုး ကြံုလာလျှင်တော့ ဆရာဝန်နှင့် အမြန်ဆုံး ပြသကာ ကုသမှု ခံယူရမည်။

Credit:
Ref: Reasons You Get Dizzy (Grandparents.com)
Win Oo – မြန်မာတို့ အတွက်မြန်မာ့ ဆေးမြီးတိုများ