တစ်အိမ်ထဲက ထိုးပေမယ့် တစ်ရွာလုံးပေါက်သွားတဲ့ အောင်ဘာလေ ရေထီကြီး

2884

တစ်အိမ်တည်းသုံးဖို့ ရေတွင်းတူးရာ တစ်ရွာလုံးဝမ်းသာမဆုံးဖြစ်ခဲ့ရတဲ့ ရွာကလေးအောင်ဘာလေထီကြီးကို တစ်ရွာလုံး ပေါက်သွားသလိုမျိုး ပျော်ရွှင်ခံစားကြရပါတယ်..။

မလှိုင်မြို့ ဆည်ကျေးရွာမှာ အိမ်သုံးအဝီစိစက်ရေတွင်း တူးရာမှ တစ်နာရီကို ရေဂါလံ (၁၀၀၀)ခန့်ထွက် စက်ရေတွင်း ပထမဆုံးတွေ့ရှိခဲ့ပါတယ်။မလှိုင်မြို့နယ်ဟာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မှာ ပါဝင်ပြီး ကျေးရွာပေါင်း (၂၄၇)ရွာ ကျေးရွာအုပ်စုပေါင်း(၅၂)အုပ်စု ရှိရာ သဲကန်အုပ်စု ဆည်ကျေးရွာမှာ သောက်သုံးရတဲ့ ရေချိုရေကို အိမ်သုံးအဝီစိစက်ရေတွင်း တူးရာကနေ ရေအားကောင်းစွာ ထွက်လာတာကို တွေ့ခဲ့ရတာဖြစ်ပါတယ် ။

ရေတွင်းအနက် ပေ (၁၈၀) ခန့်အရောက် (၄)လက်မ အဝီစိစက်ရေတွင်းက (၁)နာရီကို ရေဂါလံ တစ်ထောင်ခန့် ထွက်ပေါ်ခဲ့တာပါ။ထွက်လာတဲ့ ရေတွေကလည်း ရေချိုတွေဖြစ်နေပါတယ် ။

ထွက်လာတဲ့ ရေတွေဟာရွာအတွင်းက ခြောက်ခမ်းနေတဲ့ ရေကန်ကို ပြည့်သွားစေပါတယ်။ အခုထွက်လာတဲ့ ရေချိုတွေရဲ့ ရေထွက်နှုန်း ပမာဏ အားကောင်းလွန်းတာကြောင့် ကျေးရွာရဲ့ လိုအပ်ချက်ဖြစ်တဲ့ သောက်သုံးရေအတွက်သာမက၊ စိုက်ပျိုးရေး အတွက်ပါအသုံးပြုနိုင်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ် ။

သတင်းထောက် ……. ဘိုဘို(မလှိုင်)

Credit: PoPin