အင်းအားပြင်းတိုင်ဖွန်းမုန်တိုင်း မြန်မာနိုင်ငံကို ဝင် ၊ မဝင် မိုးလေဝသနှင့် ဇလဗေဒမှ ပြောကြားချက်

1995

တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်ပင်လယ်ပြင် အရှေ့ပိုင်းတွင် တိုက်ခတ်နေပြီး အားလျှော့သွားနိုင်ခြင်းကြောင့် မြန်မာနိုင်ငံကို ဝင် မဝင် ခန့်မှန်း၍မရသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့(စက်တင်ဘာ ၁၄) ညနေ ၃ နာရီ ၃၇ မိနစ်အချိန်တွင် ပြောကြားသည်။

တိုင်ဖွန်းမုန်တိုင်းသည် မြန်မာနိုင်ငံကို ဝင်ရောက်ရန်ရှိပြီး ၁ နာရီလျှင် မိုင် ၁၈၀ နှုန်းဖြင့်တိုက်ခတ်မည်ဟု ဖေ့စ်ဘုတ်ပေါ်တွင် ရေးသားဖော်ပြမှုတချို့နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းမှုအပေါ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယင်းသို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ ဌာနကတော့ အဲဒီလိုထုတ်ပြန်ထားတာ မရှိပါဘူးရှင့်။ အခုကလည်း ဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းမှာပဲ ရှိပါသေးတယ်။ မုန်တိုင်းရွေ့လျားတဲ့ လမ်းကြောင်းအပေါ် မူတည်ပါတယ်ရှင့်။ တဖြည်းဖြည်းအနောက်ဘက် ရွေ့လာတဲ့အခါမှာ အားလျှော့ရင်လည်း လျှော့သွားနိုင်တော့ အခုအချိန်မှာတော့ အဝေးကြီးရှိသေးတော့ ကြိုပြီးတော့ ခန့်မှန်းလို့တော့ မရသေးဘူးပေါ့နော်”ဟု ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

ယင်းတိုင်ဖွန်းမုန်တိုင်းနှင့် ပတ်သက်၍ မိုးသလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း စက်တင်ဘာ ၁၃ ရက်၊ ည ၁၁ နာရီ ၂၇ မိနစ်အချိန်တွင် သတင်းထုတ်ပြန်ထားသည်။

ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း MONGKHUT သည် ပိုမိုအားကောင်းလာကာ Category V အဆင့်ရှိ Super Typhoon အဖြစ်သို့ရောက်ရှိလာခဲ့ပြီး အများဆုံးလေတိုက်နှုန်း 145 knots (166 mph)နှုန်းနှင့် လေပြင်းတိုက်ခတ်မှု(Gust) 175 knots(201 mph) ဖြင့် တိုက်ခတ်လျက်ရှိနေကြောင်း ဒေါက်တာထွန်းလွင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စက်တင်ဘာ ၁၃ ရက်ညပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း လူဇုံကျွန်းကို ဖြတ်ကျော်တိုက်ခတ်သွားမည်ဖြစ်ကြောင်း၊ တိုင်းဖွန်းမုန်တိုင်းသည် အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျားလာပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ အရှေ့ဖက်ကမ်းခြေကို ဟိုင်နန်ကျွန်းနှင့် ဟောင်ကောင်ကျွန်းတို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်းလည်း ဒေါက်တာထွန်းလွင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကမ်းခြေကိုဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ်ဖြင့် အနောက်တောင်ယွန်းယွန်းကို ဆက်လက်ရွေ့လျားလာပြီး တဖြည်းဖြည်းအားလျော့ကျလာကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ရောက်ရှိလာပြီးနောက် စက်တင်ဘာ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းသို့ အရှေ့လေပွေလှိုင်းအဖြစ်ဖြင့် ၀င်ရောက်လာနိုင်သည်ဟု ခန့်မှန်းရကြောင်းလည်း ဒေါက်တာထွန်းလွင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိခဲ့သည်။

မင်းထင်
ဓာတ်ပုံ-ဒေါက်တာထွန်းလွင်