တောင်ကြီး (၄) လောင်းပြိုင်လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိ၊ အမွေကိစ္စကြောင့် မိသားစုအားလုံးအား သတ်ဖြတ်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်

3441

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာယာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ်(၁၁၈)နေအိမ်တွင်ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုမှ ကျုးလွန်သူအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်သည်။

အဆိုပါအမှုမှကျုးလွန်းသူအား ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် တာဝန်သိပြည်သူတဦး၏သတင်းပေးချက်အရ မသင်္ကာသူကို သတင်းကွင်းဆက်ရရှိပြီး အခင်းဖြစ်အရပ်၌ကျန်ရှိသည့် သဲလွန်စပစ္စည်းများနှင့် ဆက်စပ်အတည်ပြုဖော်ထုတ်ချက်အရ ၂၉-၄-၂၀၁၉ ရက်နေ့ နံနက် (၇)နာရီအချိန်တွင် တရားခံ တင်အုန်း(ခ)အိုက်အုံးအား ကျောက်မဲ မြို့နယ်၊ အထက်မြင်းကွင်းကျေးရွာရှိ ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိချိန်တွင် တင်အုန်း(ခ)အိုက်အုံးထံမှ သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ (၁)ပိဿာနီးပါးခန့်နှင့် ငွေ(၇)သိန်း(၂)သောင်းကျပ်တို့ကို ၎င်း၏ နေအိမ်မှ ၁-၅-၂၀၁၉ ရက်နေ့တွင် အထူးအမှုစစ်အဖွဲ့မှ ရှာဖွေဖော်ထုတ်သိမ်းဆည်း နိုင်ခဲ့သည်။

ကနဦးစစ်ကြောချက်အရ တရားခံ တင်အုန်း(ခ)အိုက်အုံးသည် မူးယစ်ဆေးဝါးစွဲနေသူတဦးဖြစ်ပြီး မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနှင့် မောင်နှမဝမ်းကွဲတော်စပ်ကြောင်း၊ ဒေါ်အေးရွှေ၏ခင်ပွန်းမှာလည်း ကွယ်လွန်သွားပြီဖြစ်ပြီး ၎င်းတို့၏ဇနီးမောင်နှံမှာ သားသမီးထွန်းကားမှု မရှိဘဲ တင်အုန်း(ခ)အိုက်အုံး၏ ပထမအိမ်ထောင်နှင့်ရရှိထားသူ စိုင်းဝင်းမောင်အား မွေးစားထားခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် စိုင်းဝင်းမောင်သည် အိမ်ထောင်ကျကာ အိမ်ခွဲ၍သီးခြားနေထိုင်ကြောင်း၊ ထို့ပြင် ဒေါ်အေးရွှေက ယခုသေဆုံးသူ မနန်းခမ်းလှိုင်ကိုလည်း လွန်ခဲ့သော နှစ်(၂၀)ကျော်ခန့်က သမီးအဖြစ် ထပ်မံမွေးစားခဲ့ကြောင်း၊ မနန်းခမ်းလှိုင်မှာ ဒေါ်အေးရွှေနှင့်အတူနေထိုင်ပြီး ဆေးတိုက် လုပ်ငန်းကိုလည်း ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသူဖြစ်သဖြင့် မွေးစားမိခင်နှင့်အတူ အနေနီးစပ်ကြောင်း သို့ဖြစ်၍ အမွေခွဲမှုများရှိလာပါက တရားခံ၏သား အမွေအရနည်းမည်ကို စိုးရိမ်မှု၊ မိမိ၏ ငွေကြေး လိုအပ်မှုများကို အခြေခံကာ အခြားသူနှင့်အတူ ပူးပေါင်း၍ ၎င်းမှ အဓိကစီမံဦးဆောင်ကြိုးကိုင်ပြီး သေဆုံးသူမိသားစုအား သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဒေါ်အေးရွှေ ၇၀နှစ်၊ ရှမ်း/ဗုဒ္ဓ (မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင်)၊ (ဖ)ဦးအန်ပန်သည် ပင်လုံမြို့၊ ကမ္မဌာန်းကျောင်းတိုက်ဆွမ်းကပ်လှူပွဲသို့ သွားရောက်ပြီး ၂၈-၄-၂၀၁၉ ရက်နေ့ နံနက်ပိုင်း နေအိမ်သို့ ပြန်ရောက်စဉ် နေအိမ်အဝင်ပေါက် ကားဂိုဒေါင်အောက်တွင် သားမက်ဖြစ်သူ စိုင်းဆေမွန်(ခ)ဆေမွန်အားလည်းကောင်း၊ နေအိမ်အပေါ်ထပ် ယာဘက်အခန်းအတွင်း သမီးဖြစ်သူ မနန်းခမ်းလှိုင်နှင့် မြေးဖြစ်သူ စိုင်းဖဖတို့အား လည်းကောင်း၊ ဝဲဘက်အခန်းအတွင်း၌ အိမ်ဖော် ဖြစ်သူ မအေးမိုးအား လည်းကောင်း၊ ပြင်ပဒဏ်ရာအသီးသီးဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး နေအိမ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ (၁၅)မျိုး၊ ငွေကျပ်သိန်း (၄၀)အပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်(၁၅၅၇) သိန်းခန့် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား တောင်ကြီးမြို့မရဲစခန်း (ပ)၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားပြီး ကျန်တရားခံအား ဆက်လက်ဖမ်းဆီးရမိရေး၊ ကျန်ရှိသက်သေခံ ပစ္စည်းများထပ်မံသိမ်းဆည်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit: ရဲဇာနည်