ရှမ်းမြောက်တွင် နွားတင်ယာဉ် သေနတ်ပစ်ခံရမှု ၂ ကြိမ်ဖြစ်ပွားပြီး ၁ ဦးသေ

556

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင်မေ(၁)ရက်နေ့က နွားတင်ယာဉ်များ သေနတ်ဖြင့် ပစ်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ရှမ်းပြည်မြောက်ပိုင်း ရဲတပ်ဖွဲ့မှသိရသည်။

မေ ၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့် သီပေါမြို့နယ် တွန်ခေါကျေးရွာ အနီးနား ရထားသံလမ်းကူးအကျော်နားတွင် တစ်ကြိမ်၊ မေ ၁ ရက်နေ့ ည ၇ နာရီခန့် သီပေါမြို့နယ်ပန်ဆောက်မိန်း ကျေးရွာနှင့် ဆတ်လန်းကျေးရွာအကြားတွင်တစ်ကြိမ်ဖြစ်ပွားခဲ့သည်။
ပထမအကြိမ်ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်မှ နွား အကောင် ၈၀ ကို ကား ၄စီးဖြင့် ခွဲတင်လာသော နွားတင်ယာဉ်တန်းသည် အဆိုပါနေရာအရောက် နောက်မှဆိုင်ကယ်စီး လူ ၂ဦးလိုက်လာကာ လက်နက်ငယ်များဖြင့်ပစ်ခတ်သွားခြင်းဖြစ်သည်။

ဆိုင်ကယ်ပေါ်လိုက်ပါလာသည့် လူ ၂ ဦးစလုံး အရပ်ဝတ်နှင့်ဖြစ်ပြီး နောက်တွင်ထိုင်၍လိုက်ပါလာသောလူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်မြောက်ပိုင်းရဲတပ်ဖွဲ့မှ သတင်းတမန်သို့ပြောပြသည်။ အဆိုပါဖြစ်စဉ်တွင် နွားတင်ယာဉ် ၂ စီးပစ်ခတ်ခံရပြီး ယာဉ်မောင်းတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သော်လည်း အသက်သေဆုံးမှုမရှိခဲ့ပေ။

ထပ်မံ၍ ည ၇ နာရီဖြစ်စဉ်တွင်မူ ပန်ဆောက်မိန်းကျေးရွာနှင့် ဆတ်လန်းကျေးရွှာအကြားစားသောက်ဆိုင်အနီးနားနွားတင်ယာဉ်ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် တစ်ဦးသေဆုံးခဲ့ရသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို နယ်စည်းမခြားပရဟိတ(သီပေါ)နှင့်သီပေါလူငယ်လူမှုရေးအသင်းအဖွဲ့တို့က သယ်ဆောင်ပြီး ဆေးရုံပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ/ကျောက်မဲ စသည့် နေရာများတွင် နွားတင်ယာဉ်များမကြာခဏ အကြောင်းမဲ့သေနတ်ဖြင့် ပစ်ခံရမှုဖြစ်ပွားလျက်ရှိသည်။ မည်သည့်အကြောင်းကြောင့်ဖြစ်သည်ဟု တိတိကျကျ မသိရှိရသော်လည်း အဆိုပါဒေသရှိနယ်ခံများကမူ ” ဆက်ကြေးမပေးသောကြောင့်ပစ်ခံရသည်” ဟု ပြောဆိုကြသည်။

ယခင်က နွား/ကျွဲများကို မှောင်ခိုတင်သည့်ကာလတွင် ဆက်ကြေးပေးကာ တင်ဆောင်ကြသော်လည်း နောက်ပိုင်း နွား/ကျွဲများကို ပါမစ်ဖြင့် သယ်ဆောင်ခွင့်ပြုသည့်အခါ ဆက်ကြေးမပေးကြတော့သဖြင့် ယခုကဲ့သို့ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုကြသည်။အဆိုပါ ကျွဲ/နွားများမှာ တရုတ်ပြည်သို့တင်ပို့မည့် ကျွဲ နွားများဖြစ်သည်။

Credit: Khit Thit Media