မော်စကိုလေဆိပ်ဝယ် လေယာဉ်တစ်စီး မီးလောင်၊ ၄၁ ဦးသေဆုံး

326

အေရိုဖလုပ်လေကြောင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး မော်စကိုလေဆိပ်သို့ အရေးပေါ်ပြန်လည်ဆင်းသက်စဉ် မီးလောင်ကျွမ်းမှုဖြစ်ရာ ၄၁ဦး သေဆုံးကြောင်း ကနဦးသတင်းသိရသည်။

မော်စကိုမှ Murmanskသို့ ခရီးစဉ်အမှတ် SU 1492ဖြင့် ပျံသန်းမည့် Sukhoi Superjet 100 အမျိုးအစား အဆိုပါ ခရီးသည်တင်လေယာဉ်သည် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Sheremetyevo လေဆိပ်မှ ပျံတက်ပြီးမကြာမီတွင်ပင် အရေးပေါ်ပြန်လည်ဆင်းသက်ရပြီး၊ ထိုသိုဆင်းသက်စဉ်တွင် ယခုကဲ့သို့ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

CCTV မှတ်တမ်းဗီဒီယိုတစ်အခုအရမူ အဆိုပါလေယာဉ်သည် ပြန်လည်ဆင်းသက်လာရာတွင် ပြေးလမ်းနှင့်ထိကာ တစ်ချက်ခုန်သွားပြီးနောက် ပြန်အကျတွင်ပြေးလမ်းနှင့်ပင် အရှိန်ပြင်းစွာရိုက်မိကာ အင်ဂျင်များမှ မီးထလောင်ခြင်းဖြစ်ကြောင်းသိရသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၇၃ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦး စုစုပေါင်း ၇၈ ဦးလိုက်ပါခဲ့ရာ ယင်းတို့အနက် ၃၇ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ ချက်ခြင်းပို့ထားသည်။ အဆိုပါ ၃၇ ဦးအနက်မှ ၃ ဦးကို အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူထားရကြောင်း ကျန်းမာရေးဝန်ကြီးကပြောသည်။ ဆေးရုံတင်ထားရသူများမှာ မီးလောင်ကျွမ်းခံရသူများနှင့် မီးခိုးငွေ့ရှုရှိုက်မိသူများဖြစ်သည်ဆို၏။

PN
Ref: Only ‘37 out of 78 survived’ Superjet-100 crash-landing & fire – investigators(RT News)
Photo – RT, Reuters