သေမယ့် အခြေအနေကြုံရမယ်လို့ ကြိုသိလိုက်ရတဲ့ ၂၅မိနစ်တာ အမှတ်တရ ….

1309

သေမယ့် အခြေအနေကြုံရမယ်လို့ ကြိုသိလိုက်ရတဲ့ ၂၅မိနစ်တာ အမှတ်တရ ….

ဒီနေ့ မနက် ရန်ကုန်မှ မန္တလေး MNA UB103 ခရီးစဉ်.. Embraer 190 လေယာဉ်ရှေ့ဘီးမကျဘဲ အရေးပေါ် ဆင်းသက်ခဲ့မှု(Emergency Nosewheel-less Landing)ဖြစ်စဉ်မှာ ခရီးသည်အားလုံး.ဘေးမသီရန်မခဘဲ အရေးပေါ်အခြေအနေ ကို သတ်မှတ်လေယာဉ်မောင်းနည်းနာများအတိုင်း ယုံကြည်မှု(Confidence ) ရှိစွာ လိုက်နာလျက် ခရီးသည်များအန္တရာယ်မရှိအောင် ဆင်းသက်နိုင်ခဲ့သော Captain မြတ်မိုးအောင်နဲ့ လေယာဉ် Crews အဖွဲ့သားအားလုံးကို လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိရင်း ချီးကျူးဂုဏ်ပြုအပ်ပါတယ် …

ဒီနေ့ ဖြစ်စဉ်မှာ မိမိအနေနဲ့ သေနိုင်လောက်တဲ့ အခြေအနေကို ကြိုသိလိုက်ရတဲ့ ၂၅ မိနစ်တာ အတွင်း ဘာတွေလုပ်ဖြစ်ခဲ့သလဲဆိုတာကို မျှဝေပေးခြင်းဖြစ်ပါတယ်..

ကျွန်မဟာ အလုပ်ကိစ္စဖြင့် လေယာဉ် / ကား နှင့် ခရီးသွားရခြင်းကို တစ်လ ၂ ကြိမ် ၃ ကြိမ် သွားလာနေရတာဟာ ၄နှစ်လောက်ရှိနေပါပြီ.. မနက်တိုင်းပုံမှန် အိမ်မှာ ဝိပဿနာ တရားအားထုတ်လေ့ရှိရာ ခရီးသွားရတာ များလာခြင်းကြောင့် ပုံမှန် အလုပ်တွေ ပျက်လာတာတွေဖြစ်လာပါတယ်…

ဒါကြောင့် လေယာဉ် / ကားစီးရင်း တရားအားထုတိခြင်းဟာ ကျွန်မအတွက် အဆင်အပြေဆုံး အလေ့အကျင့်ကောင်းဖြစ်လာပါတယ် .. ဒါ့အပြင် မအိပ်ခင် အိပ်စက်ခြင်းဟာလည်း ခဏသေခြင်းဘဲလို့ သဘောထားပြီး သေခါနီး ဘယ်လိုစိတ်ထားမလဲလို့ နှလုံးသွင်း ရှုမှတ်ပြင်ဆင်လေ့ရှိပါတယ် ..

အဲဒီ practice ကို ဒီနေ့မှာ လက်တွေ့အသုံးချဖို့ ဖြစ်လာခဲ့ရပါတယ် …

ဒီနေ့ခရီးစဉ်မှာ မန္တလေး လေယာဉ်ကွင်းပေါ်ရောက်ပြီး အချိန်အတော်ကြာအထိ လေယာဉ်မဆင်းနိုင်ဘဲ ဖြစ်နေချိန် လေယာဉ်မယ်မှ တုန်ရီသော အသံဖြင့် ” ကျွန်မတို့ လေယာဉ်ဟာ ရှေ့ဘီး landing gear ချ၍မရပါသဖြင့် “…. ဆိုပြီး အရေးပေါ်အခြေအနေကိုကြေငြာလိုက်ပါတယ် … လေယာဉ်မယ်ရဲ့ အသံအနေအထားအရ ပုံမှန် အရေးပေါ်အခြေအနေ မဟုတ်လောက်ဘူး ဆိုတာ စသိလိုက်ရပါတယ် … ငါဘာလုပ်မလဲ ဆိုပြီး ကျွန်မ စဉ်းစားလိုက်ပါတယ် .. အရေးပေါ်ဆင်းရင် ဘာပစ္စည်းမှမယူဘဲ လူဘဲ အရင်ထွက်မယ် ၊ အနီးဆုံး ဘယ်အပေါက်က ထွက်မယ်ဆိုတာကို စဉ်းစားခဲ့ပါတယ် …

လူဆိုတာ သေခါနီးကြုံလာရင်တောင် လွတ်မြောက်လိုတဲ့ ဆန္ဒရှိတာကို အခုမှ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိပါတယ်…

မကြာခင်ဘဲ Captain မှ တည်ငြိမ်သောလေသံဖြင့် လေယာဉ်ရဲ့အရေးပေါ် အခြေအနေကို ကြေငြာပါတယ် .. လေယာဉ်ဆီကုန်အောင် ၁၅ မိနစ်ခန့် ပတ်မောင်းမယ့်အကြောင်းရှင်းပြပါတယ် .. Captain ရဲ့ လေသံအနေအထားအရ သူ့ရဲ့ အလုပ်ကို အစွမ်းကုန်ကြိုးစားပြီး လုပ်ဆောင်မယ်လို့ Captain အပေါ်ယုံကြည်မှု အပြည့် ရှိခဲ့ပါတယ် .. အဲဒီမှာ Professional တစ်ယောက်ရဲ့ ကိုယ့်အလုပ်အပေါ် တာဝန်ယူမှုဟာ သက်ဆိုင်သူတွေကို စိတ်ဓာတ်ခွန်အား ဖြစ်စေတယ် လို့ အခုအချိန်မှာပြန်လည်သုံးသပ်မိပါတယ် …

ကျွန်မအတွက် ၁၅ မိနစ်တာ ကို အကျိုးရှိစွာ အသုံးချဖို့ အချိန်ရောက်လာပါပြီ ..
ဘေးမှ ခရီးသည် ညီမ က စိတ် လှုပ်ရှားပြီး မျက်စိမျက်နှာ ပျက်နေတဲ့အတွက် ” ညီမ ရေ ဝင်လေ ထွက်လေ ဘဲမှတ်ပြီး သတိကပ်နေလိုက်တော့ ” လို့ သတိပေးဖြစ်ပါတယ်.. သူ နားလည်သည် ၊ မလည်သည် မစဉ်းစားတော့ဘဲ နှုတ်၏ဆောင်မခြင်းဖြင့် သတိပေးဖြစ်လိုက်ပါတယ်…

စစခြင်း ရတနာ ၃ ပါးကို ရှိခိုးအာရုံပြုပါတယ် .. ဒီလူ့ဘဝကိုရစေခဲ့တဲ့ ( ဇာတိ အစပြုခဲ့တဲ့) မိဘ၂ ပါးကို ရိုရိုသေသေရှိခိုးကန်တော့ရင်း မေတ္တာပို့သလိုက်ပါတယ် .. မိဘ၂ ပါးနှင့် အတူ ပုံမှန်မေတ္တာပို့သတဲ့ list မှာ ပါတဲ့ ယောက္ခမ ၂ ပါးကိုပါ မျက်စေ့ထဲမြင်ရင်း မိဘ၂ ပါးနဲ့အတူ ကန်တော့မေတ္တာပို့သပါတယ် .. practice တွေဟာ အရေးပေါ်အခြေအနေမှာ သူ့ အလိုလိုပေါ်လာတယ် လို့ အခုအချိနိမှာ သုံးသပ်မိပါတယ်..
အဲနောက် ခင်ပွန်းကြီး ၁၀ပါး အား ရှိခိုးကန်တော့ရင်း နတ်ကောင်းနတ်မြတ် အပေါင်း မြင်အပ်မမြင်အပ် ဝေနေယျ အပေါင်းကို မေတ္တာပို့သလိုက်ပါတယ် ..

သံယောဇဉ်မကင်းနိုင်တဲ့ ပုထုစဉ်လူသားပေမို့ ကျွန်မဘဝရဲ့ လက်တွဲဖော် နဲ့ သမီးနဲ့သားမျက်နှာ ပေါ်လာတဲ့အချိန် မျက်ရည်ဝဲလာတယ်လို့ သတိချပ်မိပါတယ် .. ငါ ဒီဘဝမှာတော့ အတတ်နိုင်ဆုံး အစွမ်းကုန် လုပ်နိုင်စွမ်းရှိသမျှ မေတ္တာအပြည့်နဲ့ ပြုစုထိန်းကျောင်းပေးခဲ့ပြီးပြီ ကျန်တဲ့ အပိုင်းတွေတော့ ကိုယ့်ဟာကိုယ် ခရီးဆက်ကြပေတော့ လို့ စိတ်ထားရင်း မေတ္တာပို့သခဲ့ပါတယ် ..

အစ်မ နဲ့ အစ်ကို မိသားစုများ ချစ်သောသူငယ်ချင်း မိတ်ဆွေ များအား နေ့စဉ် မေတ္တာပို့သ တဲ့ list အတိုင်းပေါ်လာရင်း မေတ္တာပို့သခဲ့ပါတယ်..

ဇာတိ ဇရာ ဗျာတိ မရဏ တရားလေးပါးမှာ ငါတော့ ဇရာ နဲ့ ဗျာတိ မကြုံရတော့ဘဲ မရဏ တန်းရောက်သွားတော့မယ်ထင်တယ် လို့ စဉ်းစားမိပါသေးတယ် .. ဓာတ်ကြီးလေးပါး နဲ့ ဖွဲ့စည်းထားတဲ့ ခန္တာ ကြီး ပျက်စီးတော့မယ် ဘာကိုမှ မစွဲလန်းဘဲ သံသရာမလည်တဲ့ လမ်းကို ရောက်ရင် သိပ်ကောင်းမှာလို့ ပြင်းစွာ ဆန္ဒဖြစ်မိပါတယ် …

အဲဒီလိုနဲ့ ၂ မိနစ် ၃ မိနစ်လောက် အချိန်ကုန်သွားခဲ့ပါတယ် .. စိတ်ကို တည်ငြိမ်အောင် သမာဓိ တည်အောင် ကြိုးစားရင်း ဝိပဿနာ ကို စအားထုတ်ဖြစ်ပါတယ် .. ကံကောင်းစွာ ခရီး သည်များဟာ အော်ဟစ် ဆူညံခြင်း ဆူပူခြင်းများ မရှိခဲ့ကြပါဘူး ..

Captain နဲ့ Crew တွေက သူ့ အလုပ် သူတို့ လုပ်လိမ့် မယ် ငါလည်း ငါ့အလုပ် ငါလုပ်မယ် ဆိုပြီး စိတ်ကို အလွတ်မထားဘဲ စိတ္တနုပဿနာ ကို ပွားများအားထုတ်ရင်း ခန္တာ ဖြစ်ပျက် ကို ဉာဏ်နဲ့ ရှုမှတ်နေမိပါတယ် ..

၁၀မိနစ်လောက်ကြာတဲ့အခါ လေယာဉ်မယ် များက အရေးပေါ်အခြေအနေ ဆင်းလျှင် ခေါင်း / လက် ခြေထောက် ထားရမယ့် အနေအထား ” Evacuate “ လို့ အော်မှ အောက် ဆင်းရမည် ဖြစ်ကြောင်း သင်ပြပေးပါတယ် .. Mobile ဖုန်းမသုံးဖို့ အကြိမ်ကြိမ် သတိပေးနေပါတယ် .. ကျွန်မကတော့ အားလုံးကို သံယောဇဉ် ဖြတ်ပြီးသားမို့ လက်ဗလာနဲ့ ပြင်ဆင်ထားပါတယ် …

အဲဒီအချိန်မှာ Captain က ၁မိနစ်အတွင်း touch down လုပ်တော့မယ့်အကြောင်း ကြေငြာပါတယ် .. လေယာဉ်ဟာ touch down ကို Main wheel (နောက်ဘီး ၂ လုံး) နဲ့ ထိအောင် Landing လုပ်ပြီး ပြေးလမ်းတစ်လျောက် Nose up နဲ့ Control ထိန်းဆင်းပါတယိ… လေယာဉ်မယ် crew များမှ ခေါင်းငုံ ဝပ်နေဖို့အကြောင်း သူတို့ Training လုပ်ထားတဲ့ terms နဲ့ သံပြိုင်အော်ပြီး သတိပေးနေပါတယ်.. ဘာအော်သလဲတော့ သဲသဲကွဲကွဲ မကြားရပါဘူး… အရေးပေါ်အခြေအနေမို့ ဆိုးဆိုးဝါးဝါး ခုန်ပေါက်ပြီး ဆင်းမယ်လို့ ထင်ထားရာမှ ငြင်သာစွာ ဆင်းလာလို့ ခရီး သည် အားလုံးမှ လက်ခုတ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်.. အဲဒီအချိန်မှာ လေယာဉ်ထဲကို ညှော်နံများနဲ့ မီးခိုးများ စဝင်လာနေပါပြီ ..

Crew များမှ ဖုန်းမသုံးဖို့ အော်ဟစ် သတိပေးရင်း Evacuate အသံကြားမှ ထဖို့ပြောနေပါတယ် ..

စက္ကန့် ၄၀ လောက်အကြာမှာ Captain ရဲ့ “Cabin Crew Evacuate Evacuate “ဆိုတဲ့အသံကြားရတာ ဟာ ဘဝမှာ အသာယာဆုံးအသံ လို့ထင်မိပါတယ် .. Row no 8. မှာမို့ ရှေ့ကလူများပိတ်နေမှာ စိုးတာနဲ့ Evacuate အသံကြားတာနဲ့ တံခါးပေါက်နား ပြေးသွားမိပါတယ် .. လေယာဉ်ပေါ်မှ ပထမဆုံး ဆင်းတဲ့သူဟာ ကျွန်မ ဘဲမို့ လေယာဉ်နဲ့ ဝေးရာကို လှည့်မကြည့်ဘဲပြေးမိပါတယ် ..

Ground Handling အဖွဲ့မှကြိုတဲ့ကားနဲ့တြွေ့ပီး ကားပေါ်မှ လေယာဉ်ကို ကြည့်နေမိပါတယ် .. လေယာဉ်ပေါ်မှ ခရီးသည်များ ကို VIP Lounge သို့နေရာချထားပေးပြီး စောက်ရှောက်ပေးကြပါတယ်..

ဝိပဿနာတရားတော်ကြောင့် ဒီဖြစ်စဉ် မှာ ကြောက်ရွံ ထိတ်လန့်ခြင်းကင်းစွာ သတိကပ်ပြီး နေခဲ့တဲ့ ၂၅ မိနစ်တာ ကာလ ကို အမြဲ အမှတ်ရနေမိတော့မှာပါ..

လူ့ဘဝဟာ ရခဲလှသလို သေခွင့်မကြုံသေးဘဲ သံသရာ လည်နေသေးတဲ့ ကာလမှာ ဝိပဿနာ တရားကို အချိန်ရတိုင်း နေရာမရွေး အားထုတ်တဲ့ အလေ့အကျင့်ကို ဆက်လုပ်သွားဖို့ ခိုင်မာစွာ သံဓိဌာန် ချမိပါတော့တယ်..

Today Lesson :
The more you practice, the more you get…

Credit : May Phyu Thwe ( feacbook)