Google နှင့်အမေရိကန်ထိပ်သီးလုပ်ငန်းကြီးများတွင် Huawei လုပ်ငန်းများရပ်ဆိုင်း –

302

လက်ရှိ Huawei ဖုန်းများတွင် Playstore,Gmail များ Update လုပ်ဆောင်နိုင်တော့မည် မဟုတ်

အမေရိကန်၏လုံခြုံရေး Entity List အရပိတ်ခဲ့ခြင်းဖြစ်ပြီး နောက်ထွက်မည့် Huaweiဖုန်းများတွင် Google Appများ အသုံးပြုနိုင်မည်မဟုတ်

တရုတ်မှ ထိပ်သီးနည်းပညာကုမ္မဏီကြီး Huawei ကို အမေရိကန်၏လုံခြုံရေးကို ခြိမ်းခြောက်နေသည့်အမည်ပျက်စာရင်း Entity List သွင်းလိုက်ကြောင်း အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က မေလ ၁၇ ရက်နေ့က ကြေညာခဲ့ခြင်းနှင့်အတူ အမေရိကန်မှ နည်းပညာပိုင်းဆိုင်ရာ ထိပ်သီးကုမ္မဏီကြီးများကလည်း Huawei နှင့်လုပ်ငန်းများကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ Huawei ၏လုပ်ငန်းများကို ရပ်တန့်လိုက်သည့် အမေရိကန်ကုမ္မဏီကြီးများထဲတွင် Google ၊Micro Chip များ ထုတ်လုပ်သည့် Intel Corp ၊Qualcomm ၊ Xilinx နှင့် Broadcom Inc တို့လည်း ပါဝင်နေသည်။ Huawei နှင့်လုပ်ငန်းများရပ်ဆိုင်းလိုက်သည့်အတွက် လက်ရှိအသုံးပြုနေသည့် Huawei ဖုန်းများတွင် Playstore နှင့် Gmail တို့ကဲ့သို့ Google နှင့်သက်ဆိုင်သည့် App များကို Update ပြုလုပ်၍ ရတော့မည်မဟုတ်ဘဲ အသစ်ထွက်ရှိလာမည့် Huawei ဖုန်းများတွင်လည်း အဆိုပါ App များကို အသုံးပြုခွင့်ရတော့မည်မဟုတ်ပေ။

ယခုကဲ့သို့ Google ကပိတ်ပင်ရာတွင် Hardware ၊ Software နှင့် Technical Services မှန်သမျှကို ရပ်ဆိုင်းခဲ့ခြင်းလည်းဖြစ်သည်။

အသစ်ထွက်ရှိလာမည့် Huawei Smart ဖုန်းများတွင် စီးပွားရေးဆိုင်ရာသဘောတူညီမှုဖြင့် Open Source လိုင်စင် မရှိပါက Youtube ၊ Chrome Gmail တို့ကဲ့သို့ App များကိုလည်း အသုံးပြုခွင့်ရမည်မဟုတ်ပေ။

ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းမှာအမေရိကန်နှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုစစ်ပွဲများ ပြုလုပ်နေခြင်းနှင့်လည်း သက်ဆိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။ ထို့အတူ Android အပါအ၀င် ဖုန်းအစိတ်အပိုင်းများကို Huawei က အမေရိကန်အစိုးရ၏ခွင့်ပြုချက်မရဘဲ ၀ယ်ယူအသုံးပြုနေခြင်းကြောင့်ဟုလည်း သတင်းများကဆိုသည်။

ယခုကဲ့သို့ Huawei ဖုန်းများတွင် Google လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းမှာ Huawei အတွက် တစ်ကမ္ဘာလုံးဆိုင်ရာနစ်နာမှုဖြစ်လာနိုင်သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။

မနက်ဖြန်(မေ၂၁)တွင် လန်ဒန်မြို့ ၌ Huawei မှ ထုတ်လုပ် မည့် Honor 20 Series ကို မိတ်ဆက်မည်ဖြစ်ပြီး နည်းပညာပိုင်းအရ မည်သို့ ဖြစ်လာမည်ဆိုသည်ကိုလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။

Google ကမူ လက်ရှိအသုံးပြုနေသည့် Huawei (ဥပမာ- Honor ဖုန်းများ)အနေဖြင့် Googleplayနှင့်လုံခြုံရေးပိုင်းဆိုင် ရာအကာအကွယ်များကို ဆက်လက်ရရှိမည်ဟု မေလ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။

Huawei Myanmar ကမူ အမေရိကန်အစိုးရ၏ စီးပွားရေးဆိုင်ရာ စက်မှုနှင့်လုံခြုံရေးပိုင်းဆိုင်ရာဌာန (BIS)၏ ဆုံးဖြတ် ချက်ကို ပြင်းထန်စွာဆန့်ကျင်ကြောင်း ယခု ဆုံးဖြတ်ချက်မှာ မည်သူမျှ အကျိုး မရှိကြောင်း၊အမေရိကန်အစိုးရ၏ ဆုံးဖြတ် ချက်မှာ Huawei နှင့်လက်တွဲလုပ်ကိုင်နေသည့် အမေရိကန် ကုမ္မဏီများကိုသာ ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် သောင်းနှင့်ချီသည့် အလုပ်အကိုင်အခွင့်အလမ်းများကိုသာ ထိခိုက်သွားမည်ဖြစ်ကြောင်း၊လက်ရှိ ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်ဖက်သဘောတူညီမှုများကိုလည်း ထိခိုက်စေခဲ့ကာ Huawei အနေဖြင့် ယခုကိစ္စကိုအမြန်ဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေသွားမည်ဖြစ်ကြောင်းကို မေလ ၁၆ ရက်က အင်္ဂလိပ်ဘာသာဖြင့် ၎င်းတို့၏ လူမှုကွန် ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

Credit:The Ladies News