လူပြောများနေတဲ့ Herd Immunity အကြောင်း

436

အခုတလော Herd Immunity ဆိုတာ ခေတ်စားနေပါတယ်။ မြန်မာပြည်မှာရော နိုင်ငံတကာမှာပါ လူပြောများနေတယ်။ တချို့က ကိုဗစ်ရောဂါကို Herd Immunity နဲ့ ကာကွယ်နိုင်မယ်ပြောကြတယ်။

Herd Immunity ကို မြန်မာလို ဘာသာပြန်ရရင် Herd ဆိုတာ အုပ်စု Immunity ဆိုတာ ကိုယ်ခံအား၊ ဒီတော့ Herd Immunity ဆိုတာ အုံလိုက်ကျင်းလိုက် လူအများစုမှာ ရှိတဲ့ ကိုယ်ခံအားလို့ ခေါ်ပါတယ်။

ကိုယ်ခံအားဆိုတာဘာလဲ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ရောဂါပိုးတစ်မျိုးဝင်တဲ့အခါ အဲဒီ့ပိုးကို တိုက်ထုတ်မယ့် အင်တီဘော်ဒီ ပဋိဇီဝပစ္စည်းတွေ ထွက်လာပါတယ်။ ဒီလူနာဟာ ပြန်ကောင်းသွားရင် အဲဒီ အင်တီဘော်ဒီတွေဟာ ဆက်ရှိနေတတ်တယ်။ ရောဂါပိုးတိုင်းအတွက်တော့ မဟုတ်ဘူး။ တချို့ပိုးတွေမှာ အင်တီဘော်ဒီတွေဆက်ရှိနေတယ်။ ဥပမာ – ၀က်သက်ပေါက်ပြီးတဲ့လူဟာ နောက်တစ်ခေါက် ထပ်မပေါက်တော့ဘူး။ အဲဒါကို ကိုယ်ခံအား၊ ရောဂါပြီးသွားတယ်လို့ ခေါ်ပါတယ်။

ကိုယ်ခံအားကို နည်းလမ်းနှစ်မျိုးနဲ့ရနိုင်တယ်။ ပထမတစ်မျိုးက အခုပြောသလို ရောဂါတကယ်ဖြစ်ပြီး အင်တီဘော်ဒီထွက်တာ။ နောက်တစ်မျိုးက ကာကွယ်ဆေးထိုးပေးပြီး အင်တီဘော်ဒီထွက်အောင်လုပ်တာ။ ကာကွယ်ဆေးဆိုတာ ပိုးရဲ့ အန္တရာယ်မရှိတဲ့ အစိတ်အပိုင်း‌လေးကို ဖြတ်ပြီး ကိုယ်ထဲထည့်‌ပေးလိုက်တာ။ ခန္ဓာကိုယ်ကို မလိမ့်တပတ်လုပ်တာ‌ပေါ့။ ဒီ‌တော့ ကိုယ်ထဲက အင်တီ‌ဘော်ဒီ‌တွေထွက်လာပြီး ‌ရောဂါပြီးသွားတာပဲ။ ‌ရောဂါရဲ့ဒဏ်ကို လှိမ့်ခံစရာမလိုဘဲ ကိုယ်ခံအားကို အသာ‌လေးရလိုက်တာပါ့။

Herd Immunity ကို ‌‌ဆွေး‌‌နွေးတဲ့အခါ ကိုယ်ခံအားအ‌ကြောင်း‌ပြောပြီးရင် ‌နောက်ထပ် နားလည်ရမှာက ‌ရောဂါပြန့်ပွားနှုန်း Basic reproductive rate လို့‌ခေါ်တဲ့ R0 ပါပဲ။ R0 (အာနော့ – ဇီးရိုးကို နော့လို့ ဖတ်ပါတယ်။) အကြောင်းကို အခု ကိုဗစ်ခေတ်မှာ တော်တော်များများ ကြားဖူးကြမှာပါ။ ပိုးရှိတဲ့လူတစ်ယောက်က အခြားပိုးမရှိတဲ့လူဘယ်နှစ်ယောက်ကို ရောဂါကူးစက်နိုင်သလဲဆိုတာ ပြတဲ့ ကိန်းဂဏန်းပဲ။ ဥပမာ R0 က 2 ဆိုရင် လူနာဟာ တခြား လူ ၂ယောက်ကို ရောဂါပိုးဖြန့်နိုင်တယ်။ R0 = 3 ဆိုရင် ၃ ယောက်။ အခု ကိုရိုနာဗိုင်းရပ်စ်ရဲ့ အာနော့က ၂ ကနေ ၃ အတွင်းရှိတယ်။

အာနော့ဟာ တစ်ထက်များရင် ရောဂါပိုးဟာ ပြန့်သထက်ပြန့်မယ်။ အာနော့ဟာ တစ်ထက်နည်းရင် ရောဂါပြန့်ပွားမှုဟာ ကျသွားပြီး အချိန်ကြာရင် ရောဂါဟာ လူထုကြားထဲကပျောက်သွားမယ်။ အာနော့ဟာ ၁ ဆိုရင်တော့ ရောဂါဟာ ငြိမ်နေမယ်။ အမြန်မပျံ့ပွားတော့ဘူး။ ကြာရင် ကူးစက်မှုဟာ လုံးဝရပ်တန့်သွားလိမ့်မယ်။

ဒါကြောင့် Herd Immunity ရဖို့ဆိုရင် ရောဂါပိုးရဲ့ အာနော့ကို ၁ သို့မဟုတ် ၁ အောက်ရောက်အောင် လျှော့ချနိုင်ဖို့လိုတယ်။ ဒီတော့ ခုနက ကိုဗစ်ရဲ့ အာ‌နော့ဟာ ၃ ဆိုပါစို့။ သူ့ကို အာနော့ ၁ ဖြစ်အောင် အကူးခံရမဲ့ လူ ၃ ယောက်ထဲက ၂ ယောက်ဆီမှာ ကိုယ်ခံအားရှိနေမှ ဖြစ်မယ်။ ၃ ယောက်မှာ ၂ ယောက်။ ၃ ပုံ ၂ ပုံ။ ၇၀ ရာခိုင်နှုန်း ကိုယ်ခံအားရှိနေရမယ်။

ဒါကို Herd Immunity Index လို့ ခေါ်တယ်။ ကိုဗစ်‌ရောဂါ အတွက် Herd Immunity ရဖို့ လူအုပ်စုရဲ့ ၇၀ ရာခိုင်နှုန်းမှာ ကိုယ်ခံအားရှိရမယ်။ ၀က်သက် Measles လို ‌ရောဂါမျိုးကျတော့ မတူဘူး။ ၀က်သက်ရောဂါဟာ အလွန်ပဲ ကူးစက်လွယ်တယ်။ ၀က်သက်‌ရောဂါရဲ့ အာ‌နော့ဟာ ၁၈ ရှိတယ်။ ဒါ‌ကြောင့် ၀က်သက်‌ရောဂါပိုးရဲ့ အာ‌နော့ ၁ ဖြစ်ဖို့ သူ့အတွက် Herd Immunity ရဖို့ ၁၈ ‌ယောက်မှာ ၁၇ ယောက် ကိုယ်ခံအားရှိရမယ်။ ဒီ‌တော့ ၀က်သက်‌ရောဂါမှာ Herd Immunity ရဖို့ လူအုပ်စုရဲ့ ၉၄ % ကိုယ်ခံအားရှိရမယ်။

အများနားလည်လွယ်အောင် အာနော့တွေ ဘာတွေ မသုံးဘဲ ပြောရရင်တော့ လူအုပ်စုထဲမှာ ကိုယ်ခံအားရှိတဲ့လူတွေ များနေတဲ့အခါ အဲဒီ့လူတွေဟာ ရောဂါပိုးရှိတဲ့လူနာနဲ့ ရောဂါပိုးမရှိသေးတဲ့ ကိုယ်ခံအားလည်းမရှိသေးတဲ့ ရောဂါရနိုင်သူတွေရဲ့ကြားမှာ ဒိုင်းသဖွယ်ကာပေးလိုက်တာပါပဲ။ ဒီရှင်းလင်းချက်ကို ပူးတွဲပုံမှာ ကြည့်နိုင်ပါတယ်။

ဟုတ်ပြီ။ ကိုဗစ်အတွက် ပြန်စဉ်းစားကြည့်ရ‌အောင်။ ကိုဗစ်‌ရောဂါအတွက် Herd Immunity ရဖို့ဆိုရင် လူအားလုံးရဲ့ ၇၀ % မှာ ကိုယ်ခံအားရှိရမယ်။ ဒီကိုယ်ခံအားကို ဘယ်လိုရမလဲ။ အ‌ပေါ်ဆုံးမှာ ‌ပြောခဲ့တယ်။ ကိုယ်ခံအားရဖို့က နှစ်နည်းရှိတယ်။ သဘာဝ ‌ရောဂါဖြစ်တဲ့နည်းနဲ့ ကာကွယ်‌ဆေး‌ထိုး‌ပေးတဲ့နည်း။ ကာကွယ်ဆေးက မ‌ပေါ်‌သေးဘူး။ ‌နောက်ထပ် တစ်နှစ် နှစ်နှစ်‌လောက် ‌စောင့်ရဦးမယ်။ ဒီ‌တော့ သဘာဝနည်းပဲ ကျန်မယ်။

သဘာဝနည်းနဲ့ ကိုယ်ခံအားရဖို့။ လူအုပ်စုအားလုံးရဲ့ ၇၀ % ‌ရောဂါဖြစ်မှရမယ်။ ဒါမှ အဲဒီ ခုနစ်ဆယ်ရာနှုန်းမှာ ကိုယ်ခံအားတွေရပြီး ကိုဗစ်ရဲ့ အာ‌နော့ဟာ ၁ ဖြစ်သွားပြီး Herd Immunity ရပြီး ကိုဗစ်‌ရောဂါ ‌ပျောက်ထွက်သွားမှာ။ သိပ္ပံပညာရှင်ကြီးတစ်ယောက်က ပြောထားတယ်။ သူ့သဘောအတိုင်းသာဆိုရင် ကိုဗစ်ရောဂါကြောင့် အသက်အန္တရာယ်ရှိနိုင်မယ့် သက်ကြီးရွယ်အိုတွေ။ အခြားရောဂါရှိသူတွေ။

ကိုယ်ခံအားနည်းသူတွေကို ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းကို ပို့လိုက်မယ်။ ကျန်တဲ့ လူငယ်လူရွယ် ကျန်းမာသန်စွမ်းတဲ့လူတွေကို တောင်ဘက်ပို့ပြီး ကိုဗစ်ပါတီကြီး ဆင်နွှဲခိုင်းလိုက်မယ်။ အဲဒီလူငယ်တွေဟာ လူအုပ်စုရဲ့ ၇၀ ရာနှုန်းကျော်လည်းဖြစ်ရမယ်။ လေးလလောက်ကြာပြီးလို့ အဲဒီ့လူငယ်တွေအားလုံး ကိုယ်ခံအား ရပြီဆိုရင် အကုန် ပြန်အတူနေလို့ရပြီ။ ဒီတော့ ခုနက သက်ကြီးရွယ်အိုတွေအတွက် ရောဂါကူးနိုင်မယ့် ပိုးသယ်ဆောင်သူမရှိတော့ဘူး။ လူအများစုက ကိုယ်ခံအားရှိနေကြလို့ပဲ။ (ဒီအယူအဆဟာ စိတ်ကူးယဉ်ပါ။ လက်တွေ့မှာ ဘယ်ဖြစ်နိုင်မလဲ။)

ဒီတော့ စိတ်ကူးယဉ်မဟုတ်ဘဲ လက်တွေ့ကျကျ စဉ်းစားကြည့်ရအောင်။ မြန်မာနိုင်ငံမှာ သဘာဝအတိုင်း Herd Immunity ရအောင် လုပ်မယ်ဆိုပါစို့။ အဲဒီလိုဖြစ်ဖို့ဆိုရင် လူဦးရေ သန်းငါးဆယ်ရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း ရောဂါဖြစ်ရမယ်။ လူဦးရေ ၃၅ သန်း ရောဂါဖြစ်ရမယ်။ ကိုဗစ်ရောဂါရဲ့ သဘောအရ ရောဂါဖြစ်တဲ့လူအားလုံးရဲ့ ၁၄ ရာနှုန်းဟာ ဆေးရုံတက်ဖို့လိုတယ်။ အောက်ဆီဂျင်လိုမယ်။

၃၅ သန်းရဲ့ ၁၄ ရာနှုန်းဟာ ငါးသန်း‌လောက်ရှိတယ်။ မြန်မာနိုင်ငံရဲ့ လူဦး‌ရေ ငါးသန်းဟာ လပိုင်း‌လောက်ရှိတဲ့ အချိန်အ‌တောအတွင်းမှာ ‌‌‌ဆေးရုံတက်ရမယ်။ လူဦး‌ရေ ငါးသန်းကို မျက်စိထဲမြင်‌အောင် ‌ပြောရရင် ရန်ကုန်လူဦး‌ရေဟာ လူဦး‌ရေ လေးသန်း‌ကျော်ရှိတယ်။ ကိုဗစ်‌ရောဂါရဲ့ အ‌သေအ‌ပျောက်နှုန်းဟာ ၃ % ‌လောက်ရှိတဲ့အတွက် လူဦးရေ တစ်သန်း‌လောက် ‌သေဆုံးလိမ့်မယ်။ (ဒီကိန်းဂဏန်း‌တွေဟာ Herd Immunity ကို သဘာဝအတိုင်းရဖို့ လွှတ်‌ပေးလိုက်ရင် ဖြစ်နိုင်မဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။)

ဒီလောက်ဆိုရင် သိသာပါပြီ။ Herd Immunity ရဖို့ အ‌ကောင်းဆုံးနည်း သို့မဟုတ် တစ်ခုတည်း‌သောနည်းဟာ ကာကွယ်‌ဆေးပါပဲ။ သဘာဝအတိုင်းရဖို့ဆိုရင် အ‌ပေါ်က စာပိုဒ်မှာ ရေးပြထားတဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံ‌တွေ့ရပါလိမ့်မယ်။ ဒီသဘာဝဖြစ်ရပ်ဟာ ကျွန်‌တော်တို့ ဘာမှမလုပ်ဘဲ ထိုင်‌နေလည်း ‌နောက်ဆုံး‌တော့ ဖြစ်သွားမှာပါပဲ။

တကယ်‌တော့ သဘာဝအ‌လျောက်ရတဲ့ Herd Immunity ဟာ ဒီကပ်‌ဘေးရဲ့ ‌နောက်ဆုံး အဆိုးဆုံးရလဒ်ပါ။ ကိုဗစ်‌ရောဂါရဲ့ ‌သေ‌ပျောက်နှုန်းဟာ ၃ ရာခိုင်နှုန်းပဲရှိလို့ လူသားမျိုးနွယ် ပြုတ်ထွက်သွား‌လောက်‌အောင် မဖြစ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာလူဦးရေ စုစု‌ပေါင်းရဲ့ ၃ ရာခိုင်နှုန်းဆိုတာ အင်မတန်မှ များပါတယ်။

‌နောက်ပြီး‌တော့ ဆေးရုံတက်ဖို့လိုတဲ့ ၁၄ ရာနှုန်းကိုလည်း ထည့်စဉ်းစားရမယ်။ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးရဲ့ ၁၄ ရာနှုန်း အကုန်လုံး စုပြုံပြီး ‌ဆေးရုံတက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျန်းမာ‌ရေးစနစ်တွေ ပြိုလဲကုန်မယ်။ အဲဒီ့အခါကျရင် ‌သေ‌ပျောက်နှုန်းဟာလည်း ခုနက ပြောတဲ့ ၃ % ထက် မြင့်တက်သွားမှာ အမှန်ပါပဲ။

ဆွီဒင်နိုင်ငံဟာ အစပိုင်းမှာ သဘာဝ Herd Immunity ရဖို့ဆိုပြီး Lock Down မလုပ်ဘဲ ‌နေကြတယ်။ အခု‌နောက်ပိုင်း သူ့နိုင်ငံရဲ့ ‌သေ‌ပျောက်နှုန်း‌တွေ တက်လာတဲ့အခါ အ‌ဝေဖန်ခံ‌နေရပါပြီ။ ဒါ့အပြင် ဆွီဒင်ဟာ ကျန်းမာရေး‌စောင့်ရှောက်မှု မြင့်တယ်။ လူ‌တွေက ချမ်းသာတယ်။

ကျန်းမာ‌ရေး ဗဟုသုတများတယ်။ ဒီ‌တော့ Lock Down မလုပ်လည်း သတိ‌တော့ ထားကြတာပါပဲ။ သူတို့နိုင်ငံရဲ့ စီးပွား‌ရေးက တခြားနိုင်ငံ‌လောက်တော့ ဆိုးမသွားဘူးလို့ ‌ပြောတဲ့လူ‌တွေတော့ ရှိတယ်။ ဒါ‌ပေမဲ့ ‌ရောဂါဖြစ်လို့ ပြန်ကုရတဲ့ ကုသမှု‌တွေနဲ့ ပြန်တွက်ကြည့်ရင် ကိုက်ပါ့မလား။ စဉ်းစားစရာပါ။

ဒီတော့ ကျွန်‌တော်တို့ ဘာလုပ်ကြမလဲ။ တစ်ကမ္ဘာလုံး ဘာ‌တွေလုပ်နေကြသလဲ။ ဟုတ်ပါတယ်။ ကိုဗစ်ကပ်ဘေးအတွက် အ‌ဖြေက‌တော့ Herd Immunity ပါပဲ။ ဒါပေမဲ့ ဒီ Herd Immunity ကိုရဖို့ ကာကွယ်‌ဆေးကို ‌စောင့်ရပါမယ်။ ဒီ့အပြင် တခြားနည်းလမ်းမရှိပါဘူး။

အခု ကျွန်‌တော်တို့ လုပ်‌နေကြတဲ့ Social/ physical distancing, staying home, masks, hand washing စတာ‌တွေဟာ လူ‌တွေ အစုလိုက်အပြုံလိုက် ဖျားနာပြီး မ‌သေဆုံးရ‌အောင် ကျန်းမာ‌ရေး‌စောင့်ရှောက်မှု‌တွေ ဆေးရုံ‌တွေ ၀န်မပိအောင် အသာလေးအချိန်ဆွဲ‌နေကြတာပါ။

ဒါကြောင့် Lock Down ‌တွေ ဘယ်‌တော့ ပြန်ဖွင့်မလဲဆိုတာဟာ ကာကွယ်‌ဆေး ဘယ်တော့ ပြန်ရမလဲဆိုတာ‌ပေါ်မှာ မူတည်‌နေပါတယ်။ တစ်ချို့ကတော့ အသာ‌လေး အ‌လျှော့အတင်း လုပ်ကြည့်ဖို့ စဉ်းစားကြတယ်။ လုံးဝကြီး လွှတ်‌ပေးလိုက်ရင်‌တော့ အ‌ပေါ်မှာ ‌ပြောသလိုဖြစ်မှာပါပဲ။

လူတိုင်းကို အင်တီဘော်ဒီလိုက်ဖောက်ကြည့်နိုင်လို့ ကိုယ့်နိုင်ငံရဲ့ ၇၀ ရာနှုန်းမှာ ကိုဗစ် အင်တီဘော်ဒီတွေ ရှိနေရင်လည်း ပြန်ဖွင့်လို့ရပါပြီ။ ဒါပေမဲ့ ဒါက မဖြစ်နိုင်တဲ့ အလုပ်ပါ။ အမှန်အတိုင်း‌ပြောရရင်‌တော့ နောက်‌ခြောက်လမှာ ဘာဖြစ်မလဲဆိုတာ ဘယ်ပညာရှင်မှ မသိပါဘူး။ သိတယ်‌ပြောရင် အဲဒီလူ လိမ်‌နေတာပဲ။

နောက်တစ်ခုက ဒီဆောင်းပါးတစ်ခုလုံးမှာ ဆွေး‌နွေးခဲ့သမျှဟာ ကိုဗစ် ဗိုင်းရပ်စ်ဟာ မျိုးဗီဇ အကြီးအကျယ်‌ပြောင်းမသွားဘူးလို့ ယူဆပြီး ‌ပြော‌နေတာပါ။ တကယ်လို့သာ ကိုဗစ်ဟာ ပုံစံပြောင်းသွားခဲ့ရင် အခု‌ရောဂါဖြစ်ပြီး ရှိထားတဲ့ အင်တီ‌ဘော်ဒီ‌တွေဟာလည်း အသုံးမကျ ဖြစ်သွား‌တော့မှာပါပဲ။ အားလုံး တစ်က‌နေ ပြန်စရ‌တော့မှာ။

နိဂုံးချုပ်‌ပြောလိုတာက‌တော့ သဘာဝ Herd Immunity ဟာ ‌ရောဂါကို ကာကွယ်ဖို့မဟုတ်ဘူး။ ‌‌ရောဂါရဲ့ ‌နောက်ဆုံးရလဒ်သာ ဖြစ်တယ်။ ကာကွယ်‌ဆေး Herd Immunity ကသာ တကယ့်အဖြေဖြစ်ပါတယ်။ ကျွန်‌တော်တို့အတွက် အ‌ကောင်းဆုံး နည်းလမ်းက‌တော့ လတ်တ‌လော ကျန်းမာ‌ရေး ညွှန်ကြားချက် ‌တွေကို လိုက်နာပြီး ကာကွယ်‌ဆေး Vaccine ကို ထိုင်‌စောင့်ကြရုံပါပဲခင်ဗျာ။

(ကိုချမ်း)
ဒေါက်တာချမ်းသာစိုး