သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် တရားစွဲထားသည့် စောဒေးဗစ်လားကို ရုံးထုတ်

322

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် တရားစွဲထားသည့် စောဒေးဗစ်လားကို ယနေ့(မေလ ၂၀ ရက်)၊ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်ရမန်ယူခဲ့သည်။

ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်(ခ)စောဒေးဗစ်လားကို ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင် တရားလိုပြုလုပ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ-၂၅ ဖြင့် မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရုံးချိန်းအား လာမည့်ဇွန်လ ၃ ရက်သို့ ပြန်လည်ရုံးချိန်းထားပြီး ၎င်းအား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယင်းအမှုအား လက်ရှိဆောင်ရွက်ထားမှု အခြေအနေနှင့်ပတ်သက်၍ မကွေးကျောင်းဆရာတော် ဦးပါမောက္ခက မရမ်းကုန်းမြို့နယ်တရားရုံးသို့ လာရောက်မေးမြန်းခဲ့သည်။

ထို့ပြင် ၎င်းအပါအဝင် ဦးဝေထွန်း (နဝရတ်တေးသံသွင်း) ၊ ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ) နှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် မရမ်းကုန်းမြို့မရဲစခန်းနှင့် အင်းစိန်မြို့မရဲစခန်းတို့၌ အမှုဖွင့်ထားကြောင်း ဧပြီလ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြေညာခဲ့သည်။

နိုင်မင်းလွင်
Health Care