ရည်းစားက လက်မခံလို့ အင်ဂျင်ဝိုင်သောက်လိုက်သည့်လူနာ ဆေးကုသနေစဉ် ကြိုးဆွဲချသေဆုံး

298

ဇွန် ၂၁ ရက်က သိရသည်မှာ ချစ်သူမိန်းကလေးနှင့် အဆင်မပြေသဖြင့် အင်ဂျင်ဝိုင်သောက်ကာ သေကြောင်းကြံခဲ့သည့်အတွက် ပုသိမ်မြို့ရှိ ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီး၏ သီးသန့်ကုသရေးဆောင်တွင် ဆေးကုသခံယူနေရသော အမျိုသားလူနာသည် ဇွန် ၁၉ ရက်က ကြိုးဆွဲချသေဆုံးလိုက်ကြောင်း သိရ၏။

ဖြစ်စဉ်မှာ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၌ နေထိုင်သူ ချစ်သောင်း(ခ)ချစ်လှ (၂၅)နှစ်သည် ဇွန်လ ၁၇ ရက်က တရုတ်နိုင်ငံမှ ပြန်လာသည့် အသက် ၁၈ နှစ် အရွယ် ချစ်သူအမျိုးသမီးရှိရာ ပုသိမ်မြို့သို့ လာရောက်ခဲ့ကြောင်း၊ အိမ်ထောင်နှင့် ကလေးနှစ်ဦးရှိနေသည့် ၄င်းအား လက်မခံသဖြင့် အင်ဂျင်ဝိုင်သောက်၍ သေကြောင်း ကြံစည်ခဲ့သဖြင့် ဆေးရုံရောက်လာသည့် လူနာဖြစ်ပြီး ဆေးကုသနေစဉ် ပုဆိုးကြိုးကျစ်နေသည်ကို ဆရာမတစ်ဦးက တွေ့ရှိခဲ့သောကြောင့် ပုဆိုးကိုသိမ်းကာ ဘောင်းဘီဝတ်ပေးထားရကြောင်း၊ အခင်းဖြစ်သည့်နေ့က အိမ်သာတက်မည်ဆိုကာ အိမ်သာတွင်းဝင်၍ ကြိုးဆွဲချသေခဲ့ခြင်းဖြစ်ကြောင်း သိရ၏။

CCTV ကနေ စောင့်ကြည့်တော့ သူအိမ်သာထဲဝင်သွားတာတွေ့တယ်။ ၁၀ မိနစ်ကျော်ကြာတဲ့အထိ အိမ်သာထဲက ထွက်မလာလို့ သံသယရှိလာတာကြောင့် အလုပ်သမားတစ်ယောက်ကို PPE ဝတ်ခိုင်းပြီး အိမ်သာတံခါး ဆွဲဖွင့်လိုက်တော့ အိမ်သာထဲမှာ သူ့အင်္ကျီလက်ရှည်ကို လည်ပင်းမှာပတ်ပြီးတော့ ကြိုးဆွဲချသေဆုံးနေတာ တွေ့ရကြောင်း ပြောပြသိရ ၏။

၎င်းလူသေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ မိသားစုထံ အကြောင်းကြားသော်လည်း ရောက်မလာသဖြင့် ပုသိမ်မြို့ မနောဖြူလူမှုကူညီရေးအဖွဲ့က တာဝန်ယူ၍ သင်္ဂြိုဟ်ပေးခဲ့ပြီး ပုသိမ်ဆေးရုံကြီးမှ တာဝန်ရှိသူများက သံဃာတော် ၅ ပါး ပင့်ဖိတ်၍ ကွယ်လွန်သူအတွက် အလှူအတန်းပြုလုပ် အမျှပေးဝေခဲ့ကြောင်း၊ ပုသိမ်နယ်မြေရဲစခန်းမှ သေမှုသေခင်းဖွင့်ကာ အရေးယူခဲ့ကြောင်း ဖုန်းသတင်းအရ သိရသည်။

မောင်ဖုန်း
မှုခင်းသတင်းဂျာနယ်